Tuesday, 16 November 2010

အချစ်ဆုတောင်း (၁)


အချစ်ဆုတောင်း ( ၁ )

ချစ်သူရေ
မင်းလိုချင်တဲ့ အနိုင်လိုခြင်းတရားတွေကို
အပိုင်လိုချင်တယ်ဆိုရင်
ကောင်းကင်က ငွေလမင်းကို
အကြွေတစေ့လို ဖမ်းစုပ်
အရုပ်ကလေးတခုလို ဝယ်ပေးပါရစေ …။

မင်းလျှောက်ချင်တဲ့လမ်း
ခရီးကြမ်းတွေနဲ့ လှမ်းနေမယ်ဆိုရင်
ကြယ်ပွင့်လေးတွေကို စွပ်ခူး
အရင်ဦးဆုံး ခင်းပေးပါရစေ …။

အရိပ်မဲတွေနဲ့ မင်းဘဝ
အမှောင်ကျနေမယ်ဆိုရင်
တိမ်လွှာတွေကို အရည်ညှစ်
အလင်းမိုးစက်များအဖြစ် ရွာသွန်းလို့ပေးပါစေ …။

ဘဝခရီးရှည်တွေထဲ
မောပန်းလို့ နွမ်းလျနေရင်
ကိုယ့်ရဲ့ ဆံချည်လေးတွေကို နွှာယှက်
ယပ်တောင် တစင်းလို
လေညင်းလေးတွေကို ဆောင်ကျဉ်း
မင်းရဲ့ရင်းတွင်းသို့ အေးမြခြင်းတို့ပေးပါရစေ..။

စိန်ခေါ်သံတွေကြား
စစ်မက်တွေ ပွားနေမယ်ဆိုရင်
အချစ်ရဲ့ အနားမှာခစား
ကိုယ့်နှလုံးသားကိုဆွဲထုပ်
ရွှေကြုပ်လို နန်းဆင်
စံမြန်းလို့ နားခိုစေချင်…။

အလင်းပြာပြာ ညစဉ်တို့ရဲ့
ငွေကြယ်စင် လမင်းအောက်မှာ
ကိုယ့်လက်မောင်းကလေးကို
ချစ်သူ့ခေါင်းအုံးကလေးအဖြစ်နဲ့
ရင်ခုံသံနွေးနွေးလေးကို
တေးအဖြစ်နဲ့ ချော့ကာသိပ်ရင်း
အလှကမ္ဘာ အိမ်မက်ထဲမှာ
မှေးစက်လို့ပျော်စေချင်…။

...........ကျော်စွာလင်း ( ရိုးမ )
ဝ၇.ဝ၅.၂ဝ၁ဝ
Type your summary here.Type the rest of your post here.

0 comments:

Post a Comment